မနုဿဗေဒ

Jump to navigation Jump to search

မနုဿဗေဒဟူသည် လူသားမျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ၊သမိုင်းကြောင်းနှင့် လူသားများနှင့်ပက်သက်ဆက်နွယ်သော လူမှုကိစ္စ (Humanity) ကို လေ့လာခြင်းဖြစ်သည်။ မနုဿဗေဒသည် သဘာဝသိပ္ပံ Natural Sciences, လူမှုရေးရာဘာသာရပ် (Humanities) နှင့် လူမှုသိပ္ပံ (Social Sciences) တွင် မြစ်ဖျားခံသည်။ မြန်မာပြည်ရှိ ပုံတောင်ပုံညာတောင်တွင် ရှေးဟောင်းလူသားမျိုးနွယ်စု၏ အရိုးများ၊ ကျောက်ဖြစ် ရုပ်ကြွင်းများ ကို တွေ့ရသည်။ လူသား ဘယ်က စတင်ဖြစ်ပေါ်လာခြင်း၊ ဘယ်ကာလမှ ပေါ်ပေါက်လာခြင်းစသည်ဖြင့် ၎င်းကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်များကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ယခုချိန်ထိ လူတူ ပရိုင်းမိတ်များ၊ ရှေးဟောင်းရုပ်ကြွင်းများကို မြန်မာပြည်ရှိ နေရာဒေသတစ်ချို့တွင် တွေ့ရှိဆဲဖြစ်သည်။

လူအကြောင်းလေ့လာသော အတတ်ပညာ

လူတို့ဖြစ်ထွန်း ပေါ်ပေါက် တိုးတက်ပြောင်းလဲလာပုံ

အကြောင်းစုံကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အထွေထွေမှ သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်၍၊ ရုပ်သဏ္ဌာန် မနုဿဗေဒယဉ်ကျေးမှု မနုဿဗေဒသမိုင်းမပေါ်မီခေတ်လူမျိုးဗေဒ နှင့် ဘာသာစကား တည်းဟူသော တစ်ခုပေါ်တစ်ခု အမှီပြုနေသည့် ကဏ္ဍကြီး ၅ သွယ် ပါဝင်သည်။

မနုဿဗေဒ

မနုဿဗေဒ ဘာသာရပ်သည် အတိတ်ကာလမှ လူနှင့် ပစ္စုပ္ပန်ရှိ လူတို့ကို လေ့လာသော အတတ်ပညာဖြစ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးပေါ်တွင် လူဟူ၍ ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူတို့ကြောင်း ကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတို့တွင် ဖြစ်ထွန်းပေါ်ပေါက်တိုးတက် ပြောင်းလဲလာပုံ အစုံစုံကို သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်သည်။ ယင်းဘာသာရပ်တွင် ထင်ရှား၍ တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုနေသော ကဏ္ဍကြီး ၅ သွယ်ရှိ၏။ ယင်ကဏ္ဍကြီး ၅ သွယ်တို့မှာ ရုပ် သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ်၊ လူမျိုးဗေဒနှင့် ဘာသာစကား ဗေဒတို့ဖြစ်သည်။

ရုပ်သဏ္ဌာန် မနုဿဗေဒ

ဤဘာသာရပ်တွင် လူ၏ရုပ်သဏ္ဌာန်ဆိုင်ရာ အင်္ဂါရပ်တို့သည် ပတ်ဝန်းကျင်အခြေအနေကို လိုက်၍ မည်ကဲ့သို့ဆင့်ကဲ ပြောင်းလဲတိုးတက်လာသည်ကို လေ့လာရပေသည်။ တစ်နည်းအားဖြင့် လူကို သတ္တဝါတစ်မျိုး ကဲ့သို့ သဘောထားပြီး လေ့လာရပေသည်။

ထိုသို့လေ့လာရာတွင် ဆင့်ကဲ ပြောင်းလဲခြင်း သဘောတရားကို ချန်လှပ်ထား၍ မဖြစ်ပေ။ ကမ္ဘာလောကကြီးတွင် လူဟူ၍ စတင်ပေါ်ပေါက်ခဲ့စဉ်က မည်သည့် ပုံသဏ္ဌာန်၊ မည်သည့်ဘဝ၊ မည်သည့်အခြေတွင် ရှိခဲ့ သည်။ လူအဖြစ်သို့မည်သည့် သတ္တဝါမျိုးမှ အခြေခံ၍ ဆင်ကဲ့ ပြောင်းလဲတိုးတက်လာခဲ့သည် စသည်တို့ကို လေ့လာရပေသည်။ လူ၏ ဇာစ်မြစ်ကို နှိုက်ချွတ်လေ့လာမည် ဆိုပါက ဆဲများသတ္တဝါတို့က စရပေမည်။

ထိုသတ္တဝါများမှာ ကျောရိုးရှိ သတ္တဝါ၊ ယင်းမှ နို့တိုက် သတ္တဝါ၊ ထိုမှတစ်ဆင့် မျောက်မျောက်ဝံ၊ လူစသည်အားဖြင့် ဆင့်ကဲ ပြောင်းလဲခဲ့ရာမှ အဆုံးတွင် မျောက်ဝံနှင့် လူအဆင့်သို့ရောက်ခဲ့ပေသည်။ မနုဿဗေဒ ပညာရှင်များ အယူအဆအားဖြင့် မျောက်ဝံသည် မျောက်က တိုက်ရိုက်မဆင်းသက်ပေ။ ထို့အတူ လူသည်လည်း မျောက်ဝံက တိုက်ရိုက် မဆင်းသက်ပေ။ မျောက်၊ မျောက်ဝံ၊ လူဇာစ်မြစ်မှ၊ မျောက်များက တစ်ခက်၊ မျောက်ဝံ - လူ ဇာစ်မြစ်တို့ တစ်ခက်အနေဖြင့် သီးခြားခွဲထွက် ဆင်းသက်ခဲ့ပေသည်။

ထိုမျောက်ဝံ - လူဇာစ်မြစ်ကမှ တစ်ဆင့် မျောက်ဝံများနှင့် လူတို့သီးခြားဆင်းသက်ခဲ့ကြပြန်သည်။ သို့နှင့် လူသည် မျောက်နှင့် မျော်ဝံများမှ တိုက်ရိုက်ဆင်းသက်ခဲ့ခြင်း မဟုတ်ပေ။

လူ၏ အတိတ်ဖြစ်စဉ်ကို လေ့လာရာတွင် မြေလွှာများထဲမှ တူးဖော်ရရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို အများဆုံး ကိုးကားရပေသည်။ အကိုးအကားရဆုံး ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ဦးခွံရိုး၊ မေးရိုး၊ ပေါင်ရိုး၊ လက်မောင်းရိုးနှင့် သွားများဖြစ်သည်။

လူ့ကိုယ်တိုင်း ပညာသည် ရုပ်သဏ္ဌာန် မနုဿဗေဒ၏ အရေးပါသော အချက်အလက်တစ်ခု ဖြစ်သည်။ ထိုဘာသာရပ်အရ သက်ရှိသက်မဲ့ လူအမျိုးမျိုးကို တိုင်းထွာနိုင်ပေသည်။ လူ့အရိုးဟောင်းများကို သေချာဂန တိုင်းထွာ လေ့လာခြင်းအားဖြင့် ယင်းလူသည် မည်သည့် လူမျိုးဖြစ်သည်။ အရပ်အမောင်း မည်ရွေ့မည်မျှရှိ၍ ယောကျာ်းဖြစ်သည်၊ မိန်းမဖြစ်သည် စသည်ကို အနီးကပ်ဆုံး မှန်ကန်အောင် ပြောနိုင်သည်။

သက်ရှိလူကို တိုင်းထွာ၍လည်း လူမျိုးကို ခွဲခြား ပြသနိုင်ပေသည်။ လူ့ကိုယ်တိုင်း ပညာကို ထပ်မံ စိတ်ဖြာမည် ဆိုပါက၊ လူကောင်တိုင်းပညာ၊ လူရိုးတိုင်းပညာ၊ ဦးခေါင်းတိုင်းပညာနှင့် ဦးခွံတိုင်းပညာဟူ၍ ခွဲခြားနိုင်သည်။

ရုပ်သဏ္ဌာန် မနုဿဗေဒအရ၊ လူ၏ ပြင်ပအင်္ဂါများကို လေ့လာ၍လည်း လူမျိုးခွဲခြားနိုင်၏။ အသားရောင် အဖြူ၊ အမည်း၊ အဝါကိုကြည့်၍ ခွဲခြားနိုင်၏။ ခေါင်းချွန်းသည်၊ ပြားသည်၊ လုံးသည်၊ ရှည်သည် စသည့် ဦးခေါင်းညွှန်း (ဦးခွံညွှန်း) ကိုကြည့်၍လည်း ခွဲခြားနိုင်၏။ နှာခေါင်းရှည် သည်၊ တိုသည်၊ ပြားသည်၊ ချွန်း သည်၊ ပွသည် စသည့် နှာခေါင်းညွှန်းကို လေ့လာ၍လည်း ခန့်မှန်းနိုင်၏။ ဆံပင်ရောင်၊ ဆံပင် သဏ္ဌာန်နှင့် ဆံသားကို ကြည့်၍လည်း ခွဲခြားနိုင်၏။

မျက်လုံးရောင်အနက်၊ အညို၊ အပြာ၊ အဝါကို လေ့လာ၍လည်း ခွဲခြား စိတ်ဖြာနိုင်၏။ လူတို့၏ အရပ်အမောင်း၊ သွေးအမျိုးအစားနှင့် နောက်ဆုံးပေါ် စမ်းသပ်တွေ့ရှိချက်များအရ လူ့ကိုယ်နံ့ကို လေ့လာ၍ပင် လူ့အဆက်အနွယ်၊ အမျိုးအမည်ကို ခန့်မှန်းနိုင်ပြီဟုဆို၏။

ကမ္ဘာပေါ်ရှိ လူမျိုးပေါင်စုံ၏ ၁ဝ ပုံ ၉ ပုံမှာ လူမျိုးရင်းကြီး ၃ မျိုးမှ ဆင်းသက် ပြန့်ပွားသည်ဟု အဆို ရှိပေ၏။ ထိုလူမျိုးပေါင်းစုံ၏ ရုပ်သဏ္ဌာန်ဆိုင်ရာ စသည်တို့အား လေ့လာသော ပညာရပ်ကို ရုပ်သဏ္ဌာန် မနုဿဗေဒဟု ခေါ်ဆိုခြင်းပင် ဖြစ်သည်။

ယဉ်ကျေးမှု မနုဿဗေဒ၊ သို့မဟုတ် လူ့အဖွဲ့အစည်း မနုဿဗေဒ

ယဉ်ကျေးမှု မနုဿဗေဒနှင့် လူ့အဖွဲ့အစည်း မနုဿဗေဒကို သီးခြားကဏ္ဍများအဖြစ် ခွဲခြားဖော်ပြလိုက ပြနိုင်ပေ၏။ ထိုဘာသာရပ် နှစ်ခုမှာ စည်းမျဉ်းကတ္တား၊ ပြတ်သားစွာ ခြား၍ ရနိုင်စကောင်းသော ဘာသာရပ်များ မဟုတ်ပေ။ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု အထူးရှိနေပေသည်။

သို့နှင့် ယဉ်ကျေးမှု မနုဿဗေဒ ခေါင်းစည်းအောက်တွင် လူ့အဖွဲ့အစည်း မနုဿဗေဒကို ထည့်သွင်းဖော်ပြခြင်းဖြင့် လုံလောက်ပေသည်။

လူကို ယဉ်ကျေးမှု ရှုထောင့်မှနေ၍ လေ့လာခြင်း အတတ်ပညာသည် ယဉ်ကျေးမှု မနုဿဗေဒ မည်၏။ ထိုသို့လေ့လာရာတွင် အတိတ်ကာလ၊ ယဉ်ကျေးမှုဟူ၍ စတင်ပေါ်စ အခါသမယ ဖြစ်စဉ်များကို ချန်လှပ် ထားခဲ့၍ မဖြစ်ပေ။

ထိုကာလမှသည် လက်ရှိ ယဉ်ကျေးမှု အစုစုတို့အထိ ပြောင်းလဲတိုးတက် ဆက်စပ်လာပုံကို ပေါင်းရိုးလေ့လာမှသာ ပြည့်စုံပေလိမ့်မည်။

မနုဿဗေဒအရ ယဉ်ကျေးမှုဟူသည် လူတို့ကိုယ်တိုင် မိမိတို့၏ သက်သာမှု၊ ချောင်ချိမှု၊ လုံခြုံမှု စသည်တို့အတွက် ဖန်တီးတီထွင်ထားသော အရာဟူသမျှသည် ယဉ်ကျေးမှုမည်၏။ သို့နှင့် ယဉ်ကျေးမှုကို အထည်ကိုယ်ရှိ ယဉ်ကျေးမှုနှင့် အထည်ကိုယ်မဲ့ ယဉ်ကျေးမှုဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်၏။ မြင်နိုင်တွေ့နိုင်၊ စမ်းသပ် ထိတွေ့နိုင်သော အရာဝတ္ထုစသည့် လူတို့၏ အသုံးအဆောင်၊ လက်နက်ကိရိယာတန်ဆာပလာ၊ အိုးခွက်၊ အိမ်၊ ခြံ၊ အဝတ်အစား၊ စာရွက်စာတမ်း၊ လက်ဝတ်လက်စား၊ အနုပညာနှင့် သွားလာရေးဆိုင်ရာ ယာဉ်ရထား စသည်တို့ကို အထည်ကိုယ်ရှိ ယဉ်ကျေးမှုဟု ခေါ်၏။ ခေတ်ဦး လူတို့ မည်သို့သော လက်နက်ကိရိယာများ သုံးစွဲခဲ့၍ ဂူအောင်းလူတို့ခေတ်တွင် မည်သည့် လက်နက် ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်ကာ၊ တစ်စတစ်စနှင့် ခေတ်ကာလအလိုက် မည်သို့မည်ပုံ ပြောင်းလဲ တိုးတက်လာသည်ကို ယဉ်ကျေးမှု မနုဿဗေဒ လေ့လာခြင်းဖြင့် သိနိုင်ပေ၏။ ထို့အတူ လူတို့၏ နေမှုထိုင်မှု၊ သွားမှုလာမှု၊ ဝတ်မှုစားမှု စသည်တို့တဖြည်းဖြည်း ထူးခြားကောင်း မွန်လာပုံကိုလည်း သိရှိနိုင်ပေသည်။

ထိုသို့အထည်ကိုယ်ရှိ ယဉ်ကျေးမှု အစုစုကို လေ့လာနိုင်သည့်နည်းတူ၊ အထည်ကိုယ်မဲ့ ယဉ်ကျေးမှုကိုလည်း လေ့လာသိရှိနိုင်ပေသည်။ အထည်ကိုယ်မဲ့ ယဉ်ကျေးမှု ဟူသည် မမြင်နိုင်၊ မတွေ့နိုင်၊ မစမ်းသပ် မထိတွေ့နိုင်သော အရာများ ဖြစ်ပေသည်။ ယင်းတို့တွင် လူတို့၏ ဓလေ့များ၊ အစဉ်လာများ၊ အလေ့အကျင့်များ၊ ထုံးတမ်းများ၊ ဘာသာယုံကြည်မှု စသည်တို့အကျုံးဝင်ပေသည်။ ဘာသာရေးဆိုင်ရာ ယုံကြည်မှုနှင့် ထုံးတမ်းများကို အသေးစိတ် လေ့လာမည် ဆိုပါက သက်မဲ့ပစ္စည်း ကိုးကွယ်မှု၊ ဝိညာဉ် ယုံကြည်မှု၊ နတ်ကိုးကွယ်မှု၊ တစ္ဆေယုံကြည်မှု၊ အင်းအိုင်ခါးလှည့် လက်ဖွဲ့မန္တန် စသည့်အဆောင် ယုံကြည်မှု၊ တိရစ္ဆာန် ကိုးကွယ်မှု၊ သစ်ပင်ကိုးကွယ်မှု၊ သက်မဲ့လောက ကိုးကွယ်မှု၊ မှော်ယုံကြည်မှုနှင့် ထုံးတမ်းနှင့် စပ်လျဉ်းပြီး မီးဖွားထုံးတမ်း၊ ကြီးကောင်ဝင် ထုံးတမ်း၊ ဆေးကုထုံးတမ်း၊ လမိုင်းတင်ထုံးတမ်း၊ အသုဘထုံးတမ်း စသည့် လူမှုထုံးတမ်းများကိုလည်း သိရှိနားလည်နိုင်၏။ ယုံကြည်ကိုးကွယ်မှုများနှင့် ထုံးတမ်းများကို ခေတ်ဦးယုံကြည်ကိုးကွယ်မှုဟူ၍ ဘာသာရပ်တစ်ရပ် အနေဖြင့်လည်း သီးခြားလေ့လာနိုင်ပေသည်။

ထိမ်းမြားခြင်း ဓလေ့များဖြစ်သော တစ်လင်တစ်မယားဓလေ့၊ ခင်ပွန်းပြိုင်၊ မယားပြိုင်၊ မျိုးပအိမ်ထောင်ခြင်း၊ မျိုးတွင်းအိမ်ထောင်ခြင်း၊ ခဲအို-မတ်ယူဓလေ့၊ မရီး-ခယ်မယူဓလေ့၊ အစုလိုက် ထိမ်းမြားခြင်းဓလေ့၊ သူငယ် ထိမ်းမြားခြင်းဓလေ့၊ ဦးစား အိမ်ထောင်ခွင့်၊ ဦးစားစပ်ယှက်ခွင့်နှင့် ထိမ်းမြားခြင်းနှင့် စပ်လျဉ်းသော ပညတ်ချက် စသည်များကိုလည်း ယဉ်ကျေးမှု၊ သို့မဟုတ် လူ့အဖွဲ့အစည်း မနုဿဗေဒကို လေ့လာရာတွင် အသေးစိတ် နားလည်နိုင်ပေသည်။

ထိုအထည်ကိုယ်ရှိ၊ အထည်ကိုယ်မဲ့ ယဉ်ကျေးမှုတို့ မည်သည့်အခါ ကာလက မည်သည့် ယဉ်ကျေးမှု အသွင်ဖြင့် ပေါ်ထွန်းခဲ့ပြီး၊ တစ်စတစ်စ မည်ကဲ့သို့ပြောင်းလဲတိုးတက်ကာ အဆုံးတွင် မည်သို့ပေါင်းစပ်၍ ယဉ်ကျေးမှု အသွင် နှောခဲ့သည်တို့ကိုလည်း ဤဘာသာရပ် ပြည့်စုံအောင် ထည့်သွင်းလေ့လာရပေသည်။

ခေတ်ဦးလူတို့၏ စီးပွားရေး အခြေအနေကို လေ့လာခြင်းနှင့် စပ်ဆိုင်သော ခေတ်ဦးဘောဂဗေဒ ပညာရပ်ကိုလည်း၊ ဤယဉ်ကျေးမျု၊ သို့မဟုတ် လူမှုအဖွဲ့အစည်း မနုဿဗေဒ ခေါင်းစည်းအောက်တွင် ထည့်သွင်း လေ့လာနိုင်ပေသည်။

သမိုင်းမပေါ်မီခေတ်

အင်္ဂလိပ်ဘာသာအားဖြင့် အာခီယောလိုဂျီ ခေါ်သော ရှေးဟောင်း သုတေသနဗေဒသည် သမိုင်းမပေါ်မီ ရှေးအတိတ်ကာလမှ ကြွင်းကျန်ခဲ့သော ဝတ္ထုပစ္စည်းများကို လေ့လာသော အတတ်ပညာ ဖြစ်သည်။ လေ့လာရာတွင် ထိုခေတ် ထိုအခါသမယ၊ လူတို့ကိုင်ဆောင် သုံးစွဲခဲ့သော အထည်ကိုယ်ရှိ ယဉ်ကျေးမှုများကို မြေလွှာ အဆင့်ဆင့်အောက်မှ စနစ်တကျ တူးဖော်ရယူပြီးမှ လေ့လာရသည်။ ယင်းကို တူးဖော်ရှာ ဖွေခြင်းဟု ခေါ်၏။ ထိုသို့အတိတ်ကို လှန်လှော၍ တူးဖော်ရှာဖွေရာတွင် သင့်တော်သော နေရာကွက်ကို ရွေးချယ်တတ်ဖို့အထူးအရေးကြီးပေသည်။

သို့တူးဖော် ရှာဖွေရာတွင် ခေတ်အလိုက် လူတို့သုံးစွဲခဲ့သော ကျောက်လက်နက် ကိရိယာများကို တွေ့ရှိတတ်ပေ၏။ ရှေးဟောင်း သုတေသနဗေဒအရ ပေါ်ဦးကျောက်ခေတ်ကျောက်ခေတ်ဟောင်းအလယ်ကျောက်ခေတ်နှင့် ကျောက်ခေတ်သစ်ဟူ၍ ကျောက်ခေတ် အမျိုးမျိုးရှိပေသည်။ ထိုခေတ်တို့တွင် မည်သည့်နည်းဖြင့် ပြုလုပ်သော ကျောက်လက်နက် ကိရိယာမျိုး ရှိခဲ့သည်ကို လေ့လာရပေသည်။ ပေါ်ဦးကျောက်ခေတ်တွင် သဘာဝက ဖန်ဆင်းသည်ဟု ယူဆရသော ပေါ်ဦးကျောက်ကိရိယာများ ပေါ်ပေါက်ခဲ့၏။ ကျောက်ခေတ်ဟောင်းသို့ရောက်လာပြီးနောက်၊ လူတို့ကနဦးဆုံး ပြုလုပ်သည်ဟု အဆိုရှိသော ရဲတင်းကိုယ် စသည့်အနှစ် ကိရိယာများ ပေါ်လာတော့သည်။ မလိုအပ်သော အစိတ်အပိုင်းများကို ထုတ်ပစ်ခြင်းအားဖြင့် အနှစ်ကိရိယာကို ရစေသည် ဆို၏။

ထိုနောက် ခေတ်အလိုက် တိုးတက်ခဲ့သည်နှင့်အမျှ စာကိရိယာ၊ ကိရိယာပြား၊ ကျောက်သေးတုံး၊ ကိရိယာများ ပေါ်လာခဲ့ပေသည်။ ကျောက်သေးတုံး ခေတ်ပေါ်လခြမ်း၊ တြိဂံ၊ စတုဂံနှင့် မြားသွားပုံသဏ္ဌာန်ရှိသော ကျောက်သေးတုံး ကိရိယာများမှာ လက်နက် လုပ်ရာတွင် အလွန်အရေးပါ အရာရောက်ခဲ့သည်ဆို၏။ ကျောက်ခေတ်သစ်တွင် အဆင့်အတန်းအမြင့်ဆုံးသော ကဲလတစ် ကျောက်ကိရိယာများ ပေါ်ပေါက်လာတော့ သည်။ ကျောက်ကိရိယာများ ပြုလုပ်ရာတွင် ကျောက်ခတ်နည်း၊ ဖိ၍ဆစ်နည်း၊ ခုတ်၍ဆစ်နည်း၊ အချောသွေးနည်းဟူ၍ ရှိပေရာ၊ မည်သည့်ကိရိယာကို မည်သည့်နည်းဖြင့် လုပ်သည်ကိုလည်း စေ့ငုလေ့လာရာ သည်။

တူးဖော်ရှာဖွေရာတွင် ကျောက်လက်နက် ကိရိယာများသာမက၊ ရံဖန်ရခါ အရိုးကိရိယာ၊ ဦးချိုကိရိယာနှင့် နှောင်းခေတ်များတွင် ဆင်စွယ် ကိရိယာများမှအစ၊ အိုးခြမ်းကွဲ၊ ပန်းကန်ကွဲ၊ လက်ဝတ်လက်စားများအထိ တူးဖော်ရရှိတတ်ပေသည်။ ယင်းအိုးခြမ်းကွဲ၊ ပန်းကန်ကွဲများ၏ ရွှံ့သားမြေသားနှင့် သရုပ်ဖော်ပါ ပန်းချီ၊ အရုပ်စာလုံးများကို ရှေးဟောင်း သုတေသနဗေဒအရ လေ့လာခြင်းဖြင့် ထိုခေတ်အခါက လူနေမှု အဆင့်အတန်း နှင့် ကူးလူးဆက်ဆံမှု အခြေအနေကို ခန့်မှန်းနိုင်ပေသည်။ အချို့နေရာကွက်များတွင် နှောင်းခေတ်လူတို့သုံးစွဲခဲ့သော ကြေးဝါကြေးညိုနှင့် သံလက်နက်ကိရိယာ တန်ဆာပလာများ တူးဖော်ရရှိလာပေ သည်။ သို့နှင့် ရှေးဟောင်းသုတေသနဗေဒ ပညာရှင်များသည် အခါအားလျော်စွာ ကွင်းဆင်းလုပ်ငန်း ကို ဆင်းလုပ်ရန် လိုပေသည်။ သို့မှလည်း နှစ်ပေါင်း ၅ဝဝဝ မတိုင်မီက လူတို့အကြောင်းကို သိသာနိုင်ပေ လိမ့်မည်။

လူမျိုးဗေဒ

ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံကို လေ့လာသောပညာရပ်သည် လူမျိုးဗေဒမည်၏။ ယင်းဘာသာရပ်အရ ကမ္ဘာအရပ်ရပ်ရှိ လူမျိုးများကို လေ့လာရာတွင် ရုပ်သဏ္ဌာန်ဆိုင်ရာ ရှုထောင့်ထက် ယဉ်ကျေးမှုနှင့် လူအဖွဲ့အစည်း ရှုထောင့်မှ လေ့လာရပေသည်။ မနုဿဗေဒ ပညာရှင်များ အဆိုအားဖြင့် လူမျိုးဆိုသည်မှာ သဘာဝ ပထဝီအနေအထား ကာဆီးပိုင်းခြားထားသဖြင့် ကြာရှည်ကြာများ သီးခြားရပ်တည်နေခဲ့သော လူစုကို လူမျိုး ဟု ခေါ်ပေသည်။


မနုဿဗေဒ ပညာရှင်များ အလိုအားဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးများ၏ ၁ဝ ပုံ ၉ ပုံသည် အခြေခံ လူမျိုး ရင်းကြီး ၃ မျိုးဖြစ်သော ကောကဆွိုက်၊ သို့မဟုတ် ယူရိုပါပွိုက်နီဂရွိုက်နှင့် မွန်ဂိုလွိုက်တို့မှ ဆင်းသက်ပြန့်ပွား ခဲ့သည်ဆို၏။ အသားရောင်ကို ရည်ညွှန်း၍မူ၊ အဖြူ၊ အမည်းနှင့် အဝါဟူ၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်၏။ အကြမ်းဖျင်းအားဖြင့် ကော့ကဆွိုက် လူမျိုးရင်းထဲတွင် ဥရောပတိုက်မှ နော်ဒစ်၊ အလ်လပိုင်နှင့် မယ်ဒိတာရေးနီယန် လူမျိုးတို့ပါပြီးလျှင်၊ ကျန်တစ်မျိုးမှာ အာရှတိုက်မှ အိန္ဒိယမြောက်ပိုင်းသားများဖြစ်၏။ နီဂရွိုက်လူမျိုးရင်းတွင် နီးဂရိုး၊ မယ်လနီးရှန်း၊ ပစ်ဂမီနှင့် ဗွတ်ရှမန်းလူမျိုးတို့ပါဝင်ပြီးလျှင်၊ မွန်ဂိုလွိုက် လူမျိုးရင်းတွင် မွန်ဂိုလီယန်၊ မလေးနှင့် အမေရိကန် အင်ဒီးယန်ယူမျိုးတို့ပါဝင်ကြသည်ဆို၏။ ယခုထက်တိုင် မည်သည့် လူမျိုးရင်းနှင့် ဆက်စပ်မှု ရှိသည်ဟု မဝေခွဲနိုင်သေးသော လူမျိုးများလည်း ရှိပေသေးသည်။ ယင်းတို့မှာ ဂျပန်ပြည်မှ အိုင်းနူးများ၊ သီဟိုဠ်မှ ဗက်ဒွိုက်များနှင့် ဩစတြေးလီးယားမှ ဩစတြလွိုက်များ ဖြစ်ပေသည်။ ယင်းသို့ခွဲခြင်းကို လူမျိုး ခွဲခြင်းဟုခေါ်၏။ နောင်တွင် ယင်းလူမျိုးများ တစ်မျိုးနှင့်တစ်မျိုး ရောနှောပေါင်းဖက်ခြင်းဖြင့် လူမျိုးစပ်ကာပွားများလာကြတော့သည်။ ဤအပိုင်းသည် ရုပ်သဏ္ဌာန် မနုဿဗေဒနှင့် ဆက်စပ်နေ၍၊ ယင်းဘာသာရပ်တွင်လည်း ထည့်သွင်းလေ့လာနိုင်ပေသည်။

လူမျိုးဗေဒအရ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းကို ယဉ်ကျေးမှုရှုထောင့်မှ နေ၍လည်း လေ့လာရန် လိုပေသည်။ လူမျိုးတိုင်းဟု ဆိုသော်လည်း များသောအားဖြင့် ယဉ်ကျေးပြီး လူမျိုးများထက် တောကြိုချုံကြားနေ လူရိုင်းများ၊ အသွားအလာ ခက်ခဲ၍၊ အဆက်အသွယ် ပြတ်သောဒေသနေ လူမျိုးများနှင့် ခေတ်နောက်ကျသော၊ သို့မဟုတ် ခေတ်အလိုက် မယဉ်ကျေးသေးဟု ယူဆရသော လူမျိုးများကို အထူးပြုလေ့လာတတ်ပေ သည်။ လူမျိုးဗေဒပညာရှင်များ အများဆုံး မျက်စိကျရာဒေသများမှာ အာဖရိကတိုက်ဩစတြေလျတိုက်တောင်အမေရိကတိုက်၊ နယူးဇီလန်ကျွန်းနှင့် တောင်ပင်လယ်ကျွန်းစုတို့ပင် ဖြစ်ပေသည်။ ထိုဒေသများ တွင် စိတ်ဝင်စားဖွယ်ကောင်းသော လူမျိုးများ အများအပြားရှိပေသည်။ လူမျိုးတစ်မျိုးကို အသေးစိတ် လေ့လာရာတွင် ယင်းလူမျိုးတို့၏ ကိုးကွယ် ယုံကြည်မှု၊ လူမှုရေးရာ ဓလေ့ထုံးတမ်းများ၊ စီးပွားရေး အခြေအနေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု အနုပညာ အစုစုကို စေ့ငုအောင် လေ့လာရပေသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စု တိုင်းရင်းသားများဖြစ်သော နာဂများ အပါအဝင် တောင်တန်းသားများ အကြောင်းကို ရန်ကုန်တက္ကသိုလ် မနုဿဗေဒ ဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ လေ့လာနေပေသည်။ ဤအပိုင်းတွင် လူမျိုးဗေဒသည် ယဉ်ကျေးမှု၊ သို့မဟုတ် လူ့အဖွဲ့အည်းမနုဿဗေဒ ဘာသာရပ်နှင့် ဆက်စပ်လျက် ရှိနေပြန်ပေသည်။

ဘာသာစကားဗေဒ

ဘာသာစကားကို လေ့လာခြင်း အတတ်ပညာသည် ဘာသာစကား ဗေဒမည်၏။ ဘာသာ စကားသည် မည်သည့်ကာလက မည်သို့စတင်ပေါ်ထွန်းခဲ့သည်ကို ဘာသာစကားဗေဒ လေ့လာခြင်းဖြင့် သိနိုင်၏။ ဘာသာစကားဗေဒ သုတေသီများ အဆိုအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ဘာသာစကား စတင်ပေါ်ပေါက်ခဲ့သည်ဆို၏။ မည်သို့စတင်ပေါ်ပေါက်ခဲ့သည်ကိုမူ ယခုထက်တိုင် အတိအကျ မသိရသေးပေ။ ဂရိအဘိဓမ္မာဆရာကြီး ဒီမိုခရစ်တပ်၏ အဆိုအားဖြင့် ကနဦးဆုံး လူတို့တီထွင်ခဲ့သော ဘာသာစကားသည် အသံထွက်နှင့် ရည်ညွှန်းချက် လုံးဝကိုက်ညီမှု မရှိဟုဆို၏။ နောက်ဂရိ အဘိဓမ္မာဆရာကြီးတစ်ဦးဖြစ်သူ အက်ပီရပ်ကမူ သဘာဝ၏ ဖန်တီးပေးချက်အရ အစဦးလူတို့သည် မိမိတို့လိုရာကို ဘာသာစကားဖြင့် ဖော်ထုတ်ရာတွင် ထိရောက် အောင်မြင်ခဲ့သည်ဆို၏။ ခရစ်ယာန်သာသနာ ထွန်းကားပြီးနောက်၊ အယ်၊ ဂျီ၊ ဗိုနဲ (၁၇၅၄-၁၈၄ဝ) က ဘာသာစကားကို လူတို့တီထွင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က ဖန်ဆင်းပေးခြင်းသာ ဖြစ်သည်ဟု ဆိုပြန်၏။ နောက်ဆုံး အဆိုတစ်ခုအရ ဘာသာစကားသည် လူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြရာမှ အခြေတည် ပေါက်ပွားခဲ့သည်ဆို၏။ ထိုအဆိုကို အများဆုံး လက်ခံထားကြပေသည်။

ပေါ်စဦး ဘာသာစကားများသည် ဒေသအလိုက်၊ လူစုအလိုက်၊ အသံပလံ၊ အသုံးအနှုန်း၊ အယူအဆ၊ အနက်အဓိပ္ပာယ်ကအစ ကွဲပြားခြားနားခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ဘာသာစကား များသည် ပျောက်ကွယ်သင့်သလောက် ပျောက်ကွယ်ခဲ့၏။ ပေါင်းစပ် ရောယှက်ပြီး တိုးပွားသင့်သလောက်လည်း တိုးပွားခဲ့လေသည်။ ယခုဆိုလျှင် အထူးတလည် တိုးတက်ပြောင်းလဲခဲ့ပြီ ဖြစ်သဖြင့် မည်သို့စတင်ပေါက်ပွား ခဲ့သည် ကိုပင် ဝေခွဲမရအောင်ဖြစ်နေပေပြီ။

ဤကမ္ဘာကြီးတွင် ခန့်မှန်းခြေအားဖြင့် ဘာသာစကားမျိုး စုစုပေါင်း ၂၇ဝဝ ခန့်ရှိသည်ဆို၏။ ထိုအထဲတွင် လက်တစ်ဆုပ်စာမျှရှိသော လူမျိုးများပြောသော စကားလည်းပါဝင်၏။ ထိုးစကားမျိုးကို မကြာမီ အတောအတွင်း ဥရောပနှင့် အာရှတိုက်သုံး ဘာသာစကားကြီးများက ဝါးမျိုပစ်ပေလိမ့်မည်။ ထိုနည်းဖြင့် ဘာသာစကားမျိုး ရာပေါင်းများစွာ ပျောက်ကွယ်ခဲ့ပေပြီ။ ယခုလည်း ပျောက်ဆဲနှင့် နောင်တွင်လည်း ပျောက်ပျက်ပေလိမ့်ဦးမည်။

ဘာသာစကားဗေဒ အလိုအားဖြင့် လူဦးရေအများဆုံးပြောသော ဘာသာစကားမှာ တရုတ်စကားဖြစ်ပေ၏။ ယင်းနောက် ခရီးအတော်ကွာမှ အင်္ဂလိပ်စကားနှင့် ဟင်ဒူစတန်နီ စကားတို့လိုက်ပေသည်။ ရုရှစကားက စတုတ္တ လိုက်ပြီးလျှင် ဂျာမန်စကားက ပဉ္စမလိုက်သည်ဆို၏။ ယင်းနောက်မှ ဂျပန်စကား၊ ပြင်သစ်စကားနှင့် စပိန်စကားတို့လိုက်ပေသည်။

ထိုသို့ဘာသာစကား ဇာစ်မြစ်ရှာ၍ သမိုင်းဖွင့် လေ့လာခြင်း အတတ်ပညာကို စကားဇာစ်မြစ် ပညာရပ်ဟု ခေါ်ပေသည်။ ထိုပညာရပ်နှင့် နွယ်သော ဘာသာစကား ပညာရပ်၊ အသံလှယ် ပညာရပ်၊ အသံထွက် ပညာရပ်နှင့် စကားအဓိပ္ပာယ် ပညာရပ် စသည်တို့မှာ ဘာသာစကားဗေဒ၏ အလွန်အရေးပါ အရာရောက်သော အကိုင်းအခက် အလက်များ ဖြစ်ပေသည်။ ထိုပညာရပ်များကို စနစ်တကျ ပေါင်းစပ်လေ့လာရသော အတတ်ပညာ ကိုပင် ဘာသာစကားဗေဒဟု ခေါ်ခြင်းဖြစ်ပေသည်။ (ဦးကျော်ခင်)[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.